မြို့သစ်မြို့နယ် ခြင်ကိုက်ကုန်းကျေးရွာ လယ်ထွန်ယက်ရာမှ ရှေးဟောင်းရုပ်တုတွေ့ရှိ

မြို့သစ် နိုဝင်ဘာ ၁၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ခြင်ကိုက်ကုန်းကျေးရွာတွင် ယမန်နေ့ နံနက်(၈)နာရီ  အချိန်က ကြက်သွန်စိုက်ပျိုးရန်အတွက် ထွန်ယက်နေစဉ်တွင် ရှေးဟောင်းရုပ်တုအား တွေ့ရှိခဲ့သည်။

အဆိုပါ ရှေးဟောင်းရုပ်တုကို တောင်သူဦးတင်အေးမှာ မိမိယာခင်းတွင် ကြက်သွန်စိုက်ပျိုးရန် အတွက်   ထွန်ယက်နေစဉ်အတွင်း  ဇော်ဂျီရုပ်နှင့်တူသော ၅ ကျပ်သား ဝန်းကျင်ရှိ ကြေးဆင်းတုအား တွေ့ရှိခဲ့သဖြင့် ကျေးရွာရွာခွဲတာဝန်ခံသို့  သွားရောက်ပြသခဲ့ရာ ရွာခွဲတာဝန်ခံဖြစ်သော ဦးဇော်ဝင်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက အဆိုပါရုပ်တုအား ကြည့်ရှု့စစ်ဆေးရန်အတွက် ခေါ်ယူကာ ရုပ်တုအား ကြည့်ရှု့ စစ်ဆေးပြီး တောင်တွင်းကြီးမြို့တွင်ရှိသော ယဉ်ကျေးမှုသုတေသနဌာနသို့ သွားရောက်ပြသရန် လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍    ရှေးဟောင်းရုပ်တုတွေ့ရှိသူ  ဦးတင်အေးနှင့်  ရွာခွဲတာဝန်ခံ ဦးဇော်ဝင်းတို့က တောင်တွင်းကြီးမြို့ရှိ ရှေးဟောင်းသုတေသနဌာနသို့ သွားရောက်အပ်နှံမည်ဖြစ် ကြောင်း သိရသည်။

ဇော်ဇော် (မြို့သစ်)