ထားဝယ် ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းအခြေပြုမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများရှိသော်လည်း ယခုအခါ ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းပါဝင်ပြီး တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရာတွင် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပါဝင်ဆောင် ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မုန်တိုင်းဘေးအန္တရာယ်အား တုံ့ပြန်ဆောင်နိုင်ရေးအတွက် ဇာတ်တိုက်ရန် ဆောင်ရွက်ကြပေမဲ့လည်း တိုင်းဒေသကြီးတွင် မုန်တိုင်းဒဏ်အား တိုက်ရိုက်ပြင်းထန်စွာ ထိခိုက်မှုမရှိကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါက အဓိကအနေဖြင့် ကြိုတင်ပြင်ဆင်မှုသည်အရေးကြီးကြောင်း၊ ကြိုတင်ပြင်ဆင်မှုရှိပါက ထိခိုက်ပျက်ဆီးမှုများ၊ အသက်အန္တရာယ် ဆုံးရှုံးများ အပါအဝင် တစ်ခြားအကြောင်းအရာများ၊ ကယ်ဆယ်ရေးလုပ်ငန်းများအား ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပေါ်အချိန်တွင် ကြိုတင်သိရှိသော်လည်း ပြင်ဆင်ဆောင်ရွက်မှုအားနည်းခဲ့ကြောင်း၊ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုဟု သဘောမထားပဲ တကယ်ဖြစ်ပေါ်နေစဉ်အတိုင်းထားရှိကာ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ မုန်တိုင်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာမည့် တစ်ခြားဘေးအန္တရာယ်များစွာရှိကြောင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားမှု၊ ပြင်ဆင်ဆောင်ရွက်ထားမှုများမရှိပါက အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရှာဖွေကယ်ဆယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)