စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်ရန် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်း

ဘားအံ ဇူလိုင် ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်စေရန် အဓိကသီးနှံ(၁၀)မျိုးကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ စိုက်ပျိုးရာသီကာလဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်ထိတွေ့ဆက်ဆံကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မျိုးကောင်းမျိုးသန့်၊ မြေဆီဩဇာသွင်းအားစု၊ စိုက်ပျိုးရေနှင့်စိုက်နည်းစနစ်များ မှန်ကန်ကောင်းမွန်ဖို့လိုပြီး သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ကြစေလိုကာ လယ်ယာသုံးစက်ကိရိယာများဖြင့် အချိန်မီထွန်ယက်စိုက်ပျိုးရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အတွင်း မြို့နယ်များအလိုက် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်ရန် လျာထားမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ထားမှုအခြေအနေ၊ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးစံပြကွက်များ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ မျိုးစပါးဖြန့်ဖြူးမှုအခြေအနေ၊ ကော်ဖီသီးနှံစိုက်ပျိုးပြီးစီးမှု၊ နေကြာဧက(၄)သန်း စီမံကိန်းအရ ပြည်နယ်၌ နှစ်အလိုက် စိုက်ပျိုးရန်လျာထားချက်၊ ပြည်နယ်အတွင်း ပြောင်းလဲစိုက်ပျိုးသင့်သည် သီးနှံပုံစံအခြေအနေ၊ ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိရေး၊ သီးနှံများ လအလိုက် စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက်ပျိုးမှုပုံစံ၊ သီးနှံစိုက်စွမ်းအား၊ သီးထပ်စွမ်းအား၊ အဓိကသီးနှံ(၁၀)မျိုး လျာထားစိုက်ပျိုးပြီးစီးမှု၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် လယ်ယာကဏ္ဍရည်မှန်းချက်နှင့်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှု အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)