မြဝတီ ဇူလိုင် ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြဝတီမြို့ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့၊ ဘုရင့်နောင်ဈေးကြီးရှေ့တွင် ဇီယာ(ရှယ်) တစ်ပြည်လျှင် ကျပ် ၅၀၀၀ အထူးဈေးနှုန်းဖြင့် ပြည်သူများသို့ လက်လီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြဝတီမြို့ ဒေသခံပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရန်အတွက် အိမ်ထောင်စုတစ်စုလျှင် သုံးပြည်နှုန်းတစ်ပြည်လျှင် ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ကြီးကြပ်မှုဖြင့် ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စီမံအဖွဲ့ဝင်(၂) ဦးအောင်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် မြဝတီမြို့ဆန်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတို့က ပြည်သူများ လွတ်လပ်စွာဝယ်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)