မြို့သစ်တွင် လျှပ်စစ်ဓာတ်အားလိုင်း ကြံ့ခိုင်ရေးစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း ပုံမှန်ဆောင်ရွက်ပေး

မြို့သစ် ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီ ကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33KV ဓာတ်အားလိုင်း၊ မြို့တွင်းနှင့်ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းများ တစ်လျှောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းမရှိစေရန် စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်တွယ်တက်မှုမရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မြို့သစ်မြို့နယ်အတွင်း ယခင်ကသွယ်တန်းပေးထားသော အကာအကွယ်မဲ့ကြေးနန်း ကြိုးများ၏ နေရာတွင် 400 V AAC လျှပ်ကာကာဘာ ကြိုး များဖြင့် အသစ်လဲလှယ် တပ်ဆင်ပေးခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)