ပေါင်းတည်၌ စည်ပင်သာယာရေးစျေးများတွင် သား/ငါးများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စျေးများအတွင်း သား/ငါးများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များက ဈေးများအတွင်းရှိ သား/ငါးဆိုင်များ၌ အမဲသား၊ ဝက်သား၊ ဆိတ်သား စသည့်အသားများ၏ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ ၁၆၀၀၀ကျပ်၊ အမဲသားတစ်ပိဿာ ၁၃၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၁၂၀၀၀ကျပ် စျေးနှုန်းများဖြင့် ရောင်းချနေခြင်း ရှိ/မရှိနှင့် ထိုအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)