ကျိုက်လတ်မြို့နယ်၌ အခွန်ပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်တွင်းမှ အခွန်ထမ်းပြည်သူများ တွေ့ဆုံကာ အခွန်ပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်(၇)ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ထိုသို့အခွန်ပညာပေး ရှင်းလင်းရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားကြောင်း၊ အထောက်အကူပြု အဖွဲ့အနေဖြင့် လုပ်ငန်းရှင်အခွန်ထမ်းများထံမှ စည်းကြပ်တောင်းခံသည့် အခွန်များ၊ လစဉ်၊ နှစ်စဉ်ပေးသွင်းရမည့် အခွန်များ အပြည့်အဝကောက်ခံရရှိရေး သက်ဆိုင်ရာ ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲဝင်းက အခွန်ထမ်းပြည်သူများအား အခွန်အမျိုးအစားများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ကြုံတွေ့ရမည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ပါကြောင်းနှင့် အခွန်ပညာပေးရှင်းလင်းပွဲသို့ တက်ရောက်လာကြသော အခွန်ထမ်းများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်