ကျိုက်လတ်မြို့နယ်အတွင်း အောင်တံခွန်ဘေလီသံဘောင်တံတား (၃၂၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းကျေးရွာအုပ်စုနှင့် မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင်ကျုံဝါးအုပ်စုသို့ ဆက်သွယ်သော အောင်တံခွန် ဘေလီသံဘောင်တံတား (၃၂၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း၊ ရုံးချုပ်တံတားတည်ဆောက်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် တိုင်းဒေသကြီးရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘေလီသံဘောင်ထောက်ပံ့ပေးခြင်းတို့ဖြင့် ရုံးချုပ် တံတား တည်ဆောက်ရေးအဖွဲ့မှဆောင်ရွက်သော အောင်တံခွန်ဘေလီ သံဘောင်တံတား (၃၂၀)ပေတည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် ကျေးရွာ(၃၂)ရွာ၊ အိမ်ထောင်စု(၃၄၄၂)ခု၊ လူဦးရေ(၁၄၇၉၄)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်