အထက်မင်းလှ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄-၂၀၂၅ ခုနှစ်၌ သီးနှံများစိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံအထူးဇုန်ဖြစ်၍ လျာထားချက်ပြည့်မီအောင်ဆောင်ရွက်ရန်၊ သီးနှံစိုက်ပျိုးမှုဧကမှန်ကန်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေး တိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် သက်ဆိုင်ရာတိုက်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ကြရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အပူဒဏ်ကာကွယ်ရေးအတွက် လမ်းဘေးဝဲ၊ ယာတွင်သစ်ပင်စိုက်ပျိုးကြရန်၊ မကြာမီကာလတွင် အိမ်ထောင်စုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ၏တည်ဆောက်ရေးလုပ်ငန်းများအား အချိန်မီပြီးစီးရေးဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မီရေး၊ အိမ်ထောင်စုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)