ဝါးခယ်မ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ပါ၊ သောက်ရေသန့်(သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ပါ၊ လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေး ဂရုပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန် စသည်တို့ကိုရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်နီလာဝင်းမှ ပြင်းထန်ကာလဝမ်းရောဂါအကြောင်း ဟောပြောခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်မှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)