မင်းဘူး ဇူလိုင် ၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Regin One Product) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (MSME) လုပ်ငန်းဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာရေးသည် နိုင်ငံတော်အတွက် အရေးပါသော လုပ်ငန်းများပင်ဖြစ်သည်။
မင်းဘူးမြို့ အမှတ်(၄)နယ်မြေ၊ ချမ်းသာကြီးရပ်ကွက်တွင် မြက်တံမြက်စည်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင်မှ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါ အိမ်တွင်းစီးပွားရေးလုပ်ငန်းမှ မြက်ရိုးတံမြက်စည်း၊ ဝါးရိုးတံမြက်စည်း၊ တံမြက်စည်း အတိုအရှည် ဆိုဒ်မျိုးစုံပြုလုပ်၍ မင်းဘူးမြို့အနီးရှိ မြို့နယ်များနှင့်နယ်ဝေးမှလည်း မှာယူမှုများရှိသဖြင့် ကားဂိတ်များမှ တင်ပို့ပေးရခြင်းလည်း ရှိသည်။
မြက်တံမြက်စည်းအတွက် ကုန်ကြမ်းများအနေဖြင့် ကိုင်းမြက်၊ ဝါး၊ ပလပ်စတစ် လျှော်ကြိုး၊ ကြေးနန်းကြိုး၊ သံ၊ ပလပ်စတစ် ပိုက်စွတ်များဖြင့် အသုံးပြုရက်လုပ်၍ မြက်လှန်းသူ မြက်ရုပ်သူများဖြင့် တစ်နေ့လျှင် ယောက်ျားလေး ၈ ဦး၊ မိန်းကလေး ၇ ဦး စုစုပေါင်း ၁၅ ဦးခန့်ဖြင့် လုပ်ကိုင်ကာ မြက်တံမြက်စည်းလုပ်၍ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လျက်ရှိသော အသေးစားအိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သည်။
မင်းဘူးမြို့သည် အိမ်ခြေပေါင်း (၄၄၀၄၄) အိမ်ရှိ၍ လူဦးရေ (၁၉၀၉၇၃) ဦး ကျော်ရှိကာ မန်းရေနံ ဝန်ထမ်း ၈၀၀ ကျော်နှင့် ကန်းနီရေနံဝန်ထမ်း ၅၀၀ ကျော်ရှိပြီး၊ မန်းရေနံမြေနှင့် ကန်းနီရေနံမြေကို အမှီပြုနေထိုင်ကြသော ဝန်ထမ်းမြို့ဖြစ်ကာ လယ်၊ ယာကိုင်းကျွန်းစိုက်ပျိုးလုပ်ကိုင်သူအနည်းငယ်နှင့် ဈေးရောင်းချသူအနည်းငယ်ပင်ရှိ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူ နည်းလှသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)