စစ်ကိုင်း ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တို့မှကြီးမှူး၍ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလ ဆွမ်းလောင်းအသင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် သံဃာအပါး(၁၁၇၀) ပါးနှင့် သီလရှင် ဆရာကြီး/ ဆရာလေးအပါး(၁၈၀)တို့အား ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံကပ်လှူပွဲနှင့် ဆွမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်(၅)နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်ရှေ့တွင် ကျင်းပပြုလုပ်သည်။
ဆွမ်းလောင်းလှူပွဲတွင် စစ်ကိုင်းမြို့ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး စောမြင့်နှင့်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင် ရာများ၊ အလှူရှင်မိသားစုများက ပင့်သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးလောင်းလှူခဲ့ကြသည်။
စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်သူမြတ်ဦးစီး၍ သံဃာတော်/ သီလရှင်များအား နေ့စဉ်အာရုံဆွမ်း ကပ်လှူပူဇော်ခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားပူဇော်ကျင်းပခြင်းဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်တစ်ပါးမှ မြွတ်ကြားခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်