ကျွန်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်၊ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးနှင့် အကာကွယ်ပေးပိုင်ခွင့်စသည့် ကလေးအလုပ် သမားဆိုင်ရာ ဥပဒေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို