ချောင်းသာ၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ချောင်းသာ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Gerizim Hotel အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့်အစီအစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး New Chaungtha Hotel မှ ပံ့ပိုးကူညီသည့် သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပ္စည်းများကို အဆိုပါ Hotel တာဝန်ရှိသူက ပေးအပ်ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ချောင်းသာရုံးခွဲ)တာဝန်ခံက လက်ခံရယူခဲ့ပြီး‌နောက် တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများက အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ချောင်းသာမြို့ရှိ ဟော်တယ်များမှ သင်တန်းသား၊ သင်တန်းသူ(၈၈)ဦး တက်ရောက်ခဲ့ကာ ဟိုတယ်ဝန်ဆောင်မှု(၃)မျိုးဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်နှင့် ဧည့်ခံကျွေးမွေး လုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ယနေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)