ဆင်ပေါင်ဝဲ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် ကျား/မ ပြိုင်ပွဲကို ဇူလိုင်လ (၄) ရက်နေ့မှ (၇) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား ရွှေ (၂) ခု၊ အမျိုးသမီး ရွှေ (၂) ခု၊ အမျိုးသမီး ငွေ (၂) ခု၊ အမျိုးသမီး ကြေး (၁) ခုရမှတ် (၄၀) ဖြင့် ဒုတိယဆုကိုရရှိခဲ့သည်။
အဆိုပါ ဆုရကစားသမားများ ကြိုဆိုပွဲကို ဇူလိုင်လ (၈) ရက်နေ့ နေ့လယ် (၃) နာရီအချိန်က အ.ထ.က (ဆင်ပေါင်ဝဲ) ကျောင်းရှေ့တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)