စေတုတ္တရာ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများတွင်၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ကျောင်းကောင်စီအလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အဆိုပါ ကျောင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့များဖွဲ့စည်းရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများအား ကတိသစ္စာခံယူစေကာ အသင်း(၅)သင်းဖြစ်သော အနော်ရထာ(လိမ္မော်ရောင်)အသင်း၊ ကျန်စစ်သား(အဝါရောင်)၊ ဘုရင့်နောင်(အစိမ်းရောင်)အသင်း၊ အလောင်းဘုရား(အနီရောင်)၊ ဗန္ဓုလ(အပြာရောင်)အဖြစ်ဖွဲ့စည်းခြင်းဖြစ်၍ ကျောင်းကောင်စီအလုပ်အမှုဆောင်တွင် ကျောင်းအုပ်မှဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် အတန်းပိုင်ဆရာ၊ဆရာမ၊ အသင်းအတွင်းရေးမှူးများဖြစ်သော အသင်းကိုယ်စားလှယ် ကျောင်းသား၊ ကျောင်းသူများဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ၎င်းအသင်း(၅)သင်းမှ လအလိုက် အသင်းလိုက် ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ သစ်ပင်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေး၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကောင်စီအလုပ်အမှုဆောင်များ ဖွဲ့စည်းခြင်းကို ဇူလိုင်လအတွင်း ဖွဲ့စည်းလျက်ရှိပြီးဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန စေတုတ္တရာမြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
စေတုတ္တရာမြို့နယ်တွင်၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများမှ အထက်တန်းဆင့်(၂၃)ကျောင်း၊ အလယ်တန်းဆင့်(၃၉)ကျောင်း၊ မူလတန်းအဆင့်(၃၉)ကျောင်း စုစုပေါင်း(၁၀၁)ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)