ဟိုင်းကြီးကျွန်းမြို့၌ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆိုင်းဘုတ်များစိုက်ထူပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းဆုံနှင့် မြို့အဝင်တံတား ခြေရင်းလမ်းဆုံ၌ မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း သွားလာနေကြသော ခရီးသွားပြည်သူများအား ဆိုင်ကယ်၊ သုံးဘီး မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်း ရှိ/မရှိ၊ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင်များ ပါရှိခြင်းရှိ/မရှိ၊ အရက်သေစာသောက်စား၍ ဆိုင်ကယ်၊ ကား၊ သုံးဘီး မောင်းနှင်ခြင်း ရှိ/မရှိနှင့် ဥပဒေနှင့်မလွတ်ကင်းသည့်ပစ္စည်းများ တင်ဆောင်လာခြင်း ရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော ဥပဒေများနှင့်လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးပြောကြား၍ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်