ဖျာပုံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲ ကျင်းပခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးနိုင်ဦးက အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အခွန်းစည်းကြပ် ကောက်ခံမှုလုပ်ငန်းများ၊ ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်သီဟက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခွန်မဆောင်သူ လုပ်ငန်းရှင်များ ကြုံတွေ့ရမည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားရာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အခွန်ထမ်းများက သိလိုသည်များ မေးမြန်းကြရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်