ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ကသာ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မုန့်လုပ်နည်းသင်တန်းကို အမျိုးသမီးလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ အိမ်တွင်းမှု မုန့်လုပ်နည်းပညာရပ်ကို စနစ်တကျ လေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်ပါက မိမိတို့လူငယ်များအနေဖြင့် လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်း‌ကျောင်း စီးပွား‌ရေးလုပ်ငန်းနှင့် မိမိပတ်ဝန်းကျင်နှင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေ ရရှိနိုင်ရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ကသာခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် မုန့်လုပ်နည်းအမျိုးမျိုးကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးကြမည်ဖြစ်သည်။

အဆိုပါ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်းကို ဇူလိုင်လ(၈)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ နံနက် (၁၀)နာရီမှ နံနက် (၁၁)နာရီအချိန်အတွင်း ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်းတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ကြားလျက်ကြောင်းနှင့် သင်တန်းတွင် ဆန်စီး‌ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ငှက်‌ပျောပေါင်းနှင့် ကြာဇံချက်နည်းအမျိုးမျိုး ပြုလုပ်ခြင်းများကို လက်တွေ့သင်ပြပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)