ကသာမြို့တွင် မြေနိမ့်ပိုင်းရက်ကွက်များ၌ ဧရာဝတီမြစ်ရေဝင်ရောက်နေမှုကြောင့် ရေဘေးသင့်ပြည်သူများအား သစ်ပင်ချစ်သူများအဖွဲ့က သွားရောက်လှူဒါန်း

ကသာ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးရပ်ကွက်များသို့ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသောကြောင့် ရေဘေးသင့်ပြည်သူများအား ကသာမြို့ သစ်ပင်ချစ်သူများအဖွဲ့က ဆန်၊ဆီ၊‌ဆေးနှင့် အခြားစားသောက်ကုန်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် ရပ်ကွက်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ ကသာမြို့ သစ်ပင်ချစ်သူများအဖွဲ့က ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်၊ စားဆီ (၂၅) ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ မာမားခေါက်ဆွဲထုပ် (၃)ထုပ်နှင့် ပါရာစီတမော့်(၁)ကတ်တို့ကို အိမ်ထောင်စု (၅၀)စုအား ဇူလိုင် (၆)ရက်နေ့တွင်လည်းကောင်း၊ ပိန္နဲကုန်းရပ်ကွက်နှင့် ရပ်ကွက်(၄)ရှိ ရေဘေးသင့် အိမ်ထောင်စု (၁၂၀)စုတို့အတွက် ဇူလိုင် (၇) ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်ကလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြကြောင်း သစ်ပင်ချစ်သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကသာမြို့ မြေနိမ်ပိုင်းနှင့် မြစ်ကမ်းဘေးရှိ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေသော အိမ်ထောင် စုများအား ကသာမြို့ပေါ်ရှိ အလှူရှင်များနှင့် ပူးပေါင်း၍ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သစ်ပင်ချစ်သူများအဖွဲ့မှ သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)