ကျိုက်လတ်၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်၍  ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက် မင်္ဂလာကန်တော်ကြီးအနီး  ကံဘုန်းပွင့်ဘုရား အရှေ့ရေနုတ်မြောင်းများအား  ရေစီးရေလာ ကောင်းမွန်‌စေရန် တူးဖော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့နယ်သန့်ရှင်း သာယာစေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့် လမ်းများရှိ ယာဉ်ယန္တရား မဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းခြင်းနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ထွက်ရှိအမှိုက်များအားလုံးကို စည်ပင်သာယာရေးအဖွဲ့ပိုင် ယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)