လပွတ္တာခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကျန်းမာရေးကွင်းဆင်း ကုသမှုဆောင်ရွက်

လပွတ္တာ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လပွတ္တာခုတင်(၂၀၀) ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်များ၊ သူနာပြုဆရာမကြီး၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စုစုပေါင်းအင်အား(၅၂)ဦး ပါဝင်သောအဖွဲ့သည် လပွတ္တာမြို့နယ် လပွတ္တလုပ်တောင်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား ကျန်းမာရေးကွင်းဆင်းစစ်ဆေး ကုသမှုများဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူ(၃၇၅)တို့အား ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုများဆောင်ရွက်ပေးခဲ့ရာ အထွေထွေရောဂါလူနာ (၁၄၃)ဦး၊ ကလေးလူနာ(၁၉)ဦး၊  မျက်စိရောဂါလူနာ (၁၁၇)ဦး၊  အရိုးအကြောလူနာ (၆၈)ဦးနှင့် သွားနှင့်ခံတွင်းရောဂါလူနာ (၂၈)ဦးတို့အား လိုအပ်သည့် ဆေးဝါးများဖြင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဆေးရုံကြီးသို့ လွှဲပို့ကုသလူနာ(၂)ဦးတို့အား လွှဲပို့ကုသနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသီတာအောင်တို့မှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မူမူ