ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ရေနံချောင်း ဇူလိုင်

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့် အခြားသဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ညောင်လှရပ်ကွက် ညောင်လှဆိပ်ကမ်း၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးကြည်စိုဟန် ဦးဆောင်ကာ ဒုတိယမီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး စက်လှေဖြင့် အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများ အသုံးပြုကာ ရေနစ်နေသူအား ကယ်ဆယ်ခြင်း၊ စက်စွမ်းရည်ပြသခြင်း၊ Water Rescue Robot အသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုနည်းဖြင့် အသက်ကယ်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်သည့်နေအိမ်များမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျွဲ၊ နွား တိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ကူညီပြောင်းရွေ့ပေးခြင်း စသည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားပြီး စက်ပစ္စည်းများ ချို့ယွင်းမှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)