စစ်ကိုင်း ဇူလိုင် ၈
စစ်ကိုင်းခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အဓိကကျသော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် များ မဆုံးရှုံးစေရးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရိုင်အတွင်းရှိ ကလေးသူငယ်များ၏ ရပိုင်ခွင့်၊ အကျိုးခံစား ခွင့်များ မဆုံးရှုံးစေရေးအတွက် ကော်မတီဝင်များအားလုံး တက်ညီလက်ညီ ပူးပေါင်းလက်တွဲပြီး ဖြေရှင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးသူငယ်များနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာကော်မတီဝင်များက ကလေးသူငယ်များနှင့် ပတ်သက်၍ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)