လပွတ္တာ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၊ ရာပြည့်လမ်းရှိ ဦးဟိုက်ပင့် သင်္ဘောဆိပ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားစေရေး လူထုအသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူပွဲကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဟန်ဝင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးညွှန့်ရွှေ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီတို့က ဆိုင်းဘုတ်ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများ ပက်ဖြန်းခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက ငါးသယံဇာတတိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးနိုင်ရေးအတွက် ငါးသယံဇာတများကို ဝိုင်းဝန်းထိမ်းသိန်းကြရန် အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံပိုင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့်ရေထွက် ပစ္စည်းများမှ ရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများ အပြည့်အဝခံစားနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ရေချိုငါးလုပ်ငန်းဥပဒေနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာ၊ ငါးဖမ်းနည်းများဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများနှင့် ခရီးသွားလာပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မူမူ