ကျိုက်လတ်မြို့နယ် တာပတ်ကျေးရွာ၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီက တာပတ်ကျေးရွာရှိ တောင်သူ ဦးမြစံ၏ ကွင်းအမှတ်(၇၀B)၊ ဦးပိုင်အမှတ်(၂၀/၄)၊ ဧရိယာ (၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက်မျိုးစေ့နှုန်း ထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း၊ ပေါင်းနှိမ်နင်းရန် လွယ်ကူစေ၍ လေဝင်လေထွက်ကောင်းသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ တာပတ်ကျေးရွာရှိ တောင်သူ ဦးမျိုးမြင့်၏ လယ်မြေတွင် မိုးစပါးပေါ်ဆန်းရင်မျိုး ပျိုးနုတ်၊ ကောက်စိုက် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်၊ မြို့နယ်စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)