ကြံခင်းမြို့၌ အခွန်ပညာပေး ဆွေးနွေးပွဲပြုလုပ်

ကြံခင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင် လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အခွန်များဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်လင်းက အခွန်ဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန် စသည့်အချက်များအား ဆွေးနွေးပြောကြားပြီး စားသုံးသူသို့ အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက ဥပဒေ၊ စည်းမျဥ်းစည်းကမ်းပါပြဋ္ဌာန်းထားသည့်အတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် အခွန်ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)