မြောင်းမြခရိုင်တွင် မိုးစပါးသီးနှံရွှေခရုကြိုတင်ကာကွယ်ရေးနှင့် နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြောင်းမြ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြောင်းမြခရိုင်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ ပူးပေါင်းလျက် မိုးစပါးသီးနှံရွေခရုကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများအား ကျေးရွာရောက်တောင်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးခြင်း၊ ပညာပေးခြင်း၊ ရွှေခရုစုပေါင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်ရာသီဥတုအခြေအနေအရ မိုးများခြင်း၊ ရေလျှံခြင်းများကြောင့် ရွှေခရုပေါက်ပွားလှုပ်ရှားမှုမှာ ယခင်နှစ်ထက်ပိုမိုများပြားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးနောက် ဆောင်ရွက်ရမည့် ရွှေခရုကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တောင်သူများအချိန်မီသိရှိ လိုက်နာဆောင်ရွက်နိုင်ရန် မေလ ၁ ရက်နေ့မှ စတင်ကာ အသံဖြင့်လိုက်လံနှိုးဆော်ခြင်း၊ ပညာပေးခြင်းများကို ယခုချိန်ထိ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွှေခရု ဧက ၃၆၃ ကျရောက်မှုအား ကာကွယ်နှိမ်နင်းလျက်ရှိပြီး ထိခိုက်ပျက်စီးမှုမရှိသေးကြောင်း သိရှိရပါသည်။

မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရွှေခရု ကျ​ရောက်ဖျက်ဆီးနိုင်သည့် ဇူလိုင်လကုန်ထိ ပညာပေးခြင်း၊ တောင်သူနှင့်ပူးပေါင်းလျက် ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

ခရိုင်(ပြန်/ဆက်)