မကွေးမြို့တွင် ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသား/သင်တန်းသူများအတွက် စာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများလှူဒါန်း

မကွေး ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က မကွေးမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသား/သင်တန်းသူများအတွက် စာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက မကွေးမြို့၊ ကံသာရပ်ကွက်ရှိ သားဖွားဆေးခန်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ပညာရေးတွင် မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရဟူသော ရည်မှန်းချက် အောင်မြင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပရောက် ကလေးသူငယ်များနှင့် လူငယ်များအတွက် ထိရောက်သော ကျောင်းပြင်ပ ပညာရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပပညာရေး အစီအစဉ်များမှ သင်ယူသူလူငယ်များ ရရှိလာမည့် အသိပညာ၊ ကျွမ်းကျင်မှုများကို လက်တွေ့ဘဝတွင် အသုံးချခြင်းဖြင့် ၎င်းတို့၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ပါကြောင်းနှင့် ကျောင်းပြင်ပပညာရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများသည်လည်း ၎င်းတို့၏ စွမ်းဆောင်ရည် မြင့်မားလာခြင်းဟူသော အကျိုးကိုခံစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသား/သင်တန်းသူများအတွက် စာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများကို မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊  မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မကွေးမြို့နယ်၊ ကျောင်းပြင်ပမူလတန်းကြီးကြပ်မှုကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက သားဖွားဆေးခန်းတွင် မွေးဖွားသည့် မွေးကင်းစကလေးငယ်အား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆေးခန်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)