ရွှေတောင် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)သရက်တောကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးလာရောက်ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ လေ့လာရေးလာရောက်သော မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်က "ပိုးတောက်မလေး" စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ ဒေါ်ရွှေဝတ်ရည်တိုးက "ကဒုကဒိက်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များအသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မုန်တိုင်းဘေးအသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)