ဟင်္သာတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

ဟင်္သာတ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တလုတ္ထော်မြို့၊ ဓမ္မီအုပ်စု၊ ဓမ္မီကျေးရွာရှိ ကွင်းအမှတ်(၁၂၉၄)၊ ဦးပိုင်အမှတ်(၂၆၆)ရှိ တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၆.၀၀)ဧကတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၆.၀၀)ဧက၌ ဟင်္သာတမြို့အမှတ် (၁၅)စက်မှုလယ်ယာစခန်းမှ ကူဘိုတာအမျိုးအစား(၆)တန်းသွား ကောက်စိုက်စက်ဖြင့် “ဆင်းသုခ” အမျိုးအစား မိုးစပါးပျိုးပင်များအား လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ ဟင်္သာတခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဟင်္သာတခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)