ဘိုကလေးမြို့နယ်တွင် အခွန်အသိပညာပေးတွေ့ဆုံဆွေးနွေး

ဘိုကလေး ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် မြိုနယ်တွင်းမှ အခွန်ထမ်းပြည်သူများတွေ့ဆုံကာ အခွန်အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားကြောင်း၊ အထောက်အကူပြု အဖွဲ့အနေဖြင့် လုပ်ငန်းရှင်အခွန်ထမ်းများထံမှ စည်းကြပ်တောင်းခံသည့် အခွန်များ၊ လစဉ်၊ နှစ်စဉ်ပေးသွင်းရမည့် အခွန်များ အပြည့်အဝကောက်ခံရရှိရေး သက်ဆိုင်ရာဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲမင်းဇော်က အခွန်ထမ်းပြည်သူများအား အခွန်အမျိုးအစားများ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ အခွန်မဆောင်သူ လုပ်ငန်းရှင်များ ကြုံတွေ့ရမည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်  တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အခွန်ထမ်းများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)