ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန (ဘားအံရုံးခွဲ)တို့ပူးပေါင်း၍ အမှိုက်များ စနစ်တကျခွဲခြားခြင်းနှင့် သိမ်းဆည်းခြင်း အလေ့အကျင့်ကောင်းများ ပေါ်ထွန်းရေးနှင့် ထုံးကျောက်တောင် ဂေဟစနစ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဘားအံတက္ကသိုလ်၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သစ်တောသစ်ပင် ထိန်းသိမ်းခြင်းနှင့်ဂေဟစနစ်စီမံခန့်ခွဲမှုအကြောင်း၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟနစ်များထိန်းသိမ်းရေးအကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ သမိုင်းဝင်ဂူဘုရားများ၏ ပထဝီဝင်ဆိုင်ရာအကြောင်းများ၊ သမိုင်းဝင် ဂူဘုရားများ၏ တွေ့ရှိမှုအထောက် အထားများအကြောင်း၊ ဂူဘုရားများ အတွင်း ပေါက်ဖွားနေထိုင်ကြသည့် သတ္တဝါများအကြောင်း စသည်တို့ကို ဆွေးနွေးပို့ချပေးပြီး အဆိုပါသင်တန်းသို့ ကရင်ပြည်နယ်အတွင်းရှိ သဘာဝအခြေခံ ခရီးသွား ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှု ကော်မတီများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်