ရွှေတောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်

ရွှေတောင် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းကမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက ကိုယ်ခံပညာများတတ်မြောက်ထားခြင်းဖြင့် အမျိုးသမီးငယ်များအန္တရာယ်များကို မိမိကိုယ်တိုင်ခုခံကာကွယ်စောင့်ရှောက်နိုင်‌စေရန်နှင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။  ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးဒေါ်ခင်နုနုဖြိုး၏ ကြီးကြပ်မှုဖြင့် နည်းပြနည်းစနစ်မှူးဒေါ်သပြေနှင့် သင်တန်းနည်းပြ(၂)ဦးတို့က ကိုယ်လုံပညာ(၆၃)ဘောင်းနှင့် ဓားသိုင်းအခြေခံတို့အား လက်တွေ့ပြသသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ(၂) ရက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)