မကွေး ဇူလိုင် ၈
မကွေးတက္ကသိုလ်တွင် တက္ကသိုလ်အားကစားလောက မြင့်မားတိုးတက်စေရန်နှင့် တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားအမျိုးအစားအလိုက် ထူးချွန်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုဘာသာရပ်(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့က မကွေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ (အမျိုးသား၊ အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အထူးပြုဘာသာရပ်(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးဆုရရှိသူများ၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား ဆုကလပ်၊ ဆုဆွဲပြားနှင့် ငွေသားဆုနှင့် ပြိုင်ပွဲအသီးသီးမှ တံခွန်စိုက်ဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပြေးခုန်ပစ်အားကစားနည်းပါဝင်သည့်အတွက် မကွေးတိုင်းဒေသကြီးနှင့် မကွေးတက္ကသိုလ်ဂုဏ်ဆောင်နိုင်မည့် ကစားသမားများပေါ်ထွက်လာဖို့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုဘာသာရပ် (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို (၁၈-၆-၂၀၂၄)ရက်နေမှ (၆-၇-၂၀၂၄) ရက်နေ့ထိ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ