စေတုတ္တရာ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စေတုတ္တရာမြို့မဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ စေတုတ္တရာမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်သူပြည်သူများအား ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေပြီး ဆိုးကျိူးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများ သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ဖြင့်သာ ထုတ်ပိုးရောင်းချကြရန်၊ ပြည်သူ့များ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါးများ၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးခန်းများ ဈေးရောင်းချရာဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်တို့ကို အသိပညာပေးပြောကြားသည်။
ယင်းနောက် စေတုတ္တရာ မြို့မစျေးအတွင်းသို့ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်တစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)