သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲတက်ရောက်

ပန်းတနော် ဇူလိုင် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အိမ်တွင်းလက်မှု အတက်ပညာမှ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်တက်စေရန်စသည့် အိမ်တွင်းလက်မှုအတက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ​ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ Body Scrub စသည့် ပြုလုပ်နည်းများကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ သင်တန်းသား (၂၀)ဦးတို့အား စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)