မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၄၂)ကြိမ်မြောက်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သတိပဌာန်ကျောင်းတိုက် ဘဒ္ဒန္တဝိသုဒ္ဓဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိတ်များက မေတ္တာသုတ်ပရိတ်တရားများ နာယူကြည်ညိုကြပြီး ဆရာတော်ကြီးများနှင့် ပဌာနဘာဏဆရာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ ရွှေစည်းခုံ ကြံတိုင်းအောင်ကျောင်းတိုက်၊ ပဓာနနာယက ဘဒ္ဒန္တ ဝိသုတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ“ဗုဒ္ဓသာသနံစိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပင့်သဃာဆရာတော်ကြီးများနှင့် ပဌာနဘာဏဆရာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပင့်သဃာဆရာတော်ကြီးများနှင့် ပဌာနဘာဏဆရာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)