ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း အသိပညာပေးဟောပြောခြင်းဒုတိယအကြိမ်ဆောင်ရွက်

ဇီးကုန်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ဒုတိယအကြိမ်မြောက်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်မာမာဦးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်တို့ကအဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်စိုးမင်းက အသိပညာပေးဟောပြောခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာအခက်အခဲများနှင့် ကြီးမားသောဘေးအန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရသည့်အခါ စိတ်ပိုင်းဆိုင်ရာများကို ခံနိုင်ရည်ရှိလာအောင် အားပေးကူညီနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီအဖွဲ့ခွဲ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ တပ်စုမှူးဒေါ်ဝိုင်းထက်ထက်ဦးက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုလက္ခဏာများနှင့်  ရုပ်ပိုင်းဆိုင်ရာ‌ပြောင်းလဲမှုလက္ခဏာများ ကြုံတွေ့လာချိန်တွင် ဖြစ်ပေါ်နိုင်သောဆုံးရှုံးမှုများ၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု၏ အခြေခံအချက်များ၊ အားပေးကူညီမှုဆောင်ရွက်ရာတွင် ရှောင်ကြဉ်သင့်သည့်အချက်များ၊ စိတ်ဖိစီးမှုဖြေရှင်းရန်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)