အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ ကုတင် (၅၀) ဆံ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း၊ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာမိုးခိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်မည့်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန် ကျရောက်သည့်အခါ အဆောက်အဦသစ်ကြီးများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးခဲ့၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင်က ကျေးဇူးတင်စကားပြောကြားပေးပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)