ပွင့်ဖြူမြို့နယ်၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြုံတွေ့လာမည့် ရေကြီးရေလျှံမှုအန္တရာယ်အပါအဝင် သာဘဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နဲ့တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်နိုင်ရေးအတွက် တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်အတွင်းရှိ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကို ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်  အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ကျင်းပပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအား  မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ရေဘေးကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းကိရိယာများဖြင့် မုန်းချောင်းသဘာဝရေပြင်တွင် စနစ်တကျ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သမ္မာဆန္ဒကရုဏာရှင်လူမှုရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအပြီးတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် ဆောင်ရန် ရှောင်ရန်များကို ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)