မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်

မြို့သစ် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်ရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ကြီးကြပ်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲဝင်များ  ပူးပေါင်း၍  ရေပြင်အသက်ကယ်ဆယ်ရေး  သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့နံနက်က လေ့ကျင့်သရုပ်ပြသခဲ့သည်။

ထိုသို့ သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါကြီးကြပ်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြစ်ရေကြီးမှုဖြစ်ပွားချိန်နှင့် ရေကျပြီးအချိန် ဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်များကို မြို့နယ်အတွင်း လိုက်လံကြေညာခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဆောင်၍  အသက်ကယ်ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူအား ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား လိုက်လံအသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)