ဖြူး ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ဒုတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယနေ့နံနက် ၈ နာရီအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၁၃/၅မိုင် အဝေရာရေလွှဲဆည်အနီးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင်ပျိုးပင်ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေတို့က လက်ခံရယူပေးခဲ့ကြသည်။
ဆက်လက်၍ ကျွန်းပျိုးပင်(၂၀၀)ပင်၊ ပျဉ်းကတိုးပျိုးပင်(၅၀)ပင်၊ ပိတောက်ပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ယမနေပျိုးပင်(၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၄)ဦး တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)