ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးသည့် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကလေး ကျေးရွာအနီး ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မြေကွက်လပ်၌ ကျင်းပခဲ့သည်။

အဆိုပါမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တော ဦးစီးမှူး ဦးကျော်စွာမြင့်ဦးနှင့်ဝန်ထမ်းများ၊ ဒေသခံကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး အရိပ်ရတမာပျိုးပင် ၅၀၀ အား တက်ရောက်လာသူများက သတ်မှတ် နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတု ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ် ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )