ဘိုကလေး ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ယမန်နေ့ ယမန်နေ့ ညနေ (၃) နာရီအချိန်တွင် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲနှင့်အတူ ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကျင်းပခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဇူလိုင်လ (၆) ရက်နေ့မှ စတင်ကာ ဇူလိုင်လ (၁၄) ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများအား ဇုန်အလိုက်စုဖွဲ့ထားသော မြို့မဇုန်၊ မလော့ဇုန်၊ မြင်းကကုန်းဇုန်၊ စက်ဆန်းဇုန်နှင့် ဟေမန်ဇုန် အသင်းစုစုပေါင်း (၅) သင်းဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ကွင်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြိုနယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဘောလုံးအသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ ကစားသမားများနှင့် မြို့နယ်ကြက်ခြေနီဘင်ခရာတပ်ဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဖွင့်ပွဲတွင် စစ်ကြောင်းမှူး ဦးဆောင်မှုဖြင့် အားကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့တို့က ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအလေးပြုခြင်း၊ အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက အားကစားသမားများ လိုက်နာစောင့်စည်းရမည့် အချက်များအား အမှာစကားအဖြစ်ပြောကြားသည်။
ထို့နောက် အားကစားသမားများက ကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ပြီး အ.ထ.က (၁) ဘိုကလေး ကျောင်းသူများက ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တီးမှုတ်မှုဖြင့် ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် ဇူလိုင်လ (၆) ရက်နေ့တွင် ပထမဆုံးယှဉ်ပြိုင်မှုပွဲစဉ်အဖြစ် မြို့မဇုန်အသင်းနှင့် မလော့ဇုန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)