လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)တွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများ ဗဟုသုတများ ရရှိစေရေးအတွက် အသိပညာဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူမှောင်ခိုလူကုန်ကူးမှုအန္တရာယ်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုကြခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကျားမအခြေပြုအကြမ်းဖက်မှု(GBV) အကြောင်းသိမှတ်စရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြိုင်ကြီးငူ နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးသီဟန်မွှေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအသင်းအဖွဲ့ဝင် တပ်ခွဲတပ်ကြပ်ကြီး လင်းခိုင်(ငြိမ်း)က သတင်းအမှား၊ သတင်းအမှန်ခွဲခြားသိမြင်နိုင်ရေးအတွက် သိရှိထားသင့်သည့် အချက်များကို ဆွေးနွေးရှင်းပြပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသည့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူမှောင်ခို၊ လူကုန်ကုန်ကူးမှုအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်အကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို သင်တန်းသူလေးများက စိတ်ပါဝင်စားဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ (ပြန်/ဆက်)