ကော့သောင်း ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဝါဝင်းဓမ္မရိပ်သာ ကျောင်းတိုက်တွင် နိုင်ငံကျော်ဓမ္မကထိက ရှင်ဥတ္တမကျော်၏တပည့်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ သာသနာ့ဝုဍ္ဎိကရဓမ္မကထိက သာသနာပြုနယ်လှည့်ဓမ္မကထိကမှ ဇွန်(၃၀)ရက်နေ့မှ ဇူလိုင်(၆)ရက်နေ့ထိ (၇)ရက်တာသင်တန်းပို့ချခဲ့သော ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးကို ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပိတ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပိတ်ပွဲအခမ်းအနားအား နမောတဿ(၃)ကြိမ် ဘုရားကန်တော့ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ရွှေအင်ကြင်းဓမ္မကထိက သင်တန်းကျောင်း၊ သာသနာပြုနယ်လှည့် ဓမ္မကထိကသာသနာ့ဝုဍ္ဎိကရ ဓမ္မကထိက၊ ပဋိပတ္တိဂုဏ်ထူးဆောင်၊ သင်တန်းမှူးနည်းပြ၊ အရှင်သုမင်္ဂလ (ရွှေအင်ကြင်း)ဆရာတော်အား ဩကာသကန်တော့ချိုးဖြင့် သံပြိုင်ရွတ်ဆို ကန်တော့ခဲ့ပြီး ဧည့်ပရိသတ်တို့မှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ယင်းနောက် ရွှေအင်ကြင်းဆရာတော်မှ သင်တန်းကာလအတွင်း ဂါထာရွတ်ဆိုခြင်းနှင့် တရားဟောပြော ပြိုင်ပွဲများတွင် ဆုရရှိသော သံဃာတော်များ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း အမြို့မြို့၊အနယ်နယ်မှ ဓမ္မကထိလောင်းလျာ ဆရာတော်၊ သံဃာတော်(၄၇)ပါး အား သင်တန်းပြီးဆုံးကြောင်းလက်မှတ်များပေးအပ်ခဲ့သည်။ထို့နောက် ဆရာတော်မှ တရားနာပရိသတ်တို့အား အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်အရှင်ဝိန္ဒာစာရက ကော့သောင်း မြို့တွင် ပထမအကြိမ် သင်ကြားဖွင့်လှစ်ပေးခဲ့သော ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး အောင်မြင်စွာပြီးစီးမှုအတွက် သင်တန်းသားသံဃာတော်များကိုယ်စား ကျေးဇူးတင် ဝမ်းမြောက် စကားပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)