ကသာ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “နှစ်ဖက်မြင်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ကသာမြို့ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်း နာယက ဦးချစ်မြိုင်(ကသာ သင်းမွှေး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဌေးကြည်(စလင်း) ရေးသားသည့် “နှစ်ဖက်မြင်” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ၊ ကသာ)ကလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ချိုချိုပြုံးမြင့်နှင့်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ မိမိတို့၏အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက်ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က စာပေချစ်သူများ၏ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် လူတစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူညီကြသော်လည်းဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏ လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း တို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ် စာရေးဆရာ အသင်း၊ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)