မိုးညိုမြို့၌ ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ ရေစက်သွန်းချ အမျှဝေခြင်းဆောင်ရွက်

မိုးညို ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ အင်္ဂါဆွမ်းလောင်းဓမ္မာရုံ၌ ယနေ့နံနက် (၇) နာရီက ကျန်းမာရေးကား (AMBULANCE) လှူဒါန်းသည့် အလှူရှင်များ စုပေါင်းရေစက်ချ အမျှ‌ဝေခြင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ‌တောရ‌ကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် အလှူရှင်များ၊ (၇) ရက်သားသမီးများနှင့် ကျန်းမာရေးကား ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်တော်မှုခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အလှူရှင်များက ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါကျန်းမာရေးကားအား “ရွှေဇောတိ” လူမှုကူညီရေးအသင်းက ဦးဆောင်၍ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူပြီးစီးသည့်အတွက် အလှူရှင်များ ရေစက်သွန်းချအမျှ‌ပေးဝေခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးကား ရရှိပြီဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်၍ သွားလာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အရေးပေါ်သွားလာရေး အခက်အခဲရှိပါက အချိန်အခါမ‌ရွေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)