ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧက(၄၂၇၃၂၉)ကျော်ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို ဘားအံမြို့နယ်၊ဝင်းကျန်ကျေးရွာ၊ တောင်သူ ဒေါ်ပြားအုံ၏ လယ်(၅)ဧက၌ကျင်းပသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်က လယ်ယာလုပ်သားရှားပါးသည့် အခြေအနေတွင် စပါးသီးနှံကို အလွယ်တကူ ကြဲပက်စိုက်ပျိုးနေခြင်းအစား စရိတ်သက်သာသည့်စပါးမျိုးစေ့ချကိရိယာကိုအသုံးပြု စိုက်ပျိုးခြင်းဖြင့် ရာသီအချိန်မီ စိုက်ပျိုးနိုင်ပြီး အကျိုးရလာဒ်ကောင်းများစွာရရှိစေမည်ဖြစ်ကာ ဓာတ်မြေဩဇာအသုံးပြုခြင်းအစား ကြီးမြန်သစ်စိမ်း မြေဩဇာကဲ့သို့ မြေဆီလွှာအာဟာရ ဓာတ်ဖြည့်တင်းပေးသည့် သဘာဝမြေဩဇာများကို ထည့်သွင်းအသုံးပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးထွန်းမြင့်က မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝင်းကျန်၊ ထုံးအိုင်၊ ကော့ကျိုက်၊ နောင်ထလုံးအစရှိသောကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၅၀ အိတ်နှင့် သဘာဝမြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်းသုခစံပြစိုက်ခင်း(၅)ဧက၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ဝင်းကျန်ကျေးရွာတောင်သူ ဦးမောင်လင်းအောင်ပါ(၂)ဦး၏ လယ်(၅)ဧကတွင် စိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ် ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲတို့ကို တက်ရောက်လာသော ကျေးရွာ(၁၂)ရွာမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း(၁၃ ဒဿမ ၉၆)ဧကတွင် စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်များစိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ရာသီသီးနှံစိုက်ပျိုးရန် လမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်မှစ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ရင်းနှီးကုန်ကျငွေ၊ အကျိုးအမြတ် ပြန်လည်ရရှိမှု၊ ယခုနှစ်၂၀၂၄ ခုနှစ်တွင် တောင်သူများ၏စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆိုပါဟင်းသီး ဟင်းရွက် စံပြစိုက်ခင်းအတွင်း တောင်သူ ၁၅ ဦး၏ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း၊ ခဝဲ၊ မုန်လာ၊ ရုံးပတီ၊ ဘူး၊ သခွား၊ ရွှေဖရုံ အစရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)